Print

နေရောင်ခံလိမ်း ခရင်(မ်)ဆိုတာ

  30-Oct-2016
Preview Image

နေရောင်ခံလိမ်း ခရင်(မ်)ဆိုတာ

နေရောင်ခံလိမ်းခရင်(မ်) ဈေးကွက်ထဲမှာ နေရောင်ခံလိမ်းခရင်(မ်)တွေ မျိုးစုံရှိနေပါပြီ။ ခရင်(မ်) တင်မက လိုးရှင်းတို့၊ စပရေးတို့ တောင်ရှိပါတယ်။

ဘယ်လိုဟာရွေးမလဲ

နေပူထဲကြာမယ့်အချိန်၊ နေရဲ့ပြင်းအားနဲ့ ကိုယ့်ရဲ့ အသားအရေ အမျိုးအစားပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာပါ။ ချောင်းသာမှာ နေ့လယ်ရေကူးမယ်ဆိုရင် SPF မြင့်တာ မျိုးသုံးပေါ့။ အသားညိုတယ်၊ နေပူထဲ ခဏပဲထွက်မယ်၊ မိုးလည်းအုံ့နေတယ်ဆိုရင် SPF နိမ့်တာသုံးပေါ့။ မိုးအုံ့သည့်တိုင် ခရမ်းလွန်ရောင်ခြည်တွေရဲ့ (၈၀) ရာခိုင်နှုန်းက ပေါက်ထွက်လာတယ်ဆိုပဲ။ ဒီတော့ မိုးအုံ့လည်းသုံး၊ တိမ်ထူလည်းသုံးပေါ့။

ဘယ်လိုလိမ်းမလဲ

နည်းစနစ်မှန်ဖို့တော့ လိုပါတယ်။ ဒါမှ နေရောင်ဒဏ်ကို ထိခိုက်တဲ့ ကာကွယ်မှု လုပ်နိုင်မှာပါ။ နေပူထဲမထွက်ခင် နာရီဝက်၊ တစ်နာရီလောက် ကြိုလိမ်းပါ။ နေထိနိုင်တဲ့ နေရာတွေအားလုံး လိမ်းပေးပါ။ မျက်နှာ၊ နားရွက်၊ လည်ပင်း၊ လက်ဖမိုး၊ လက်ဖျံ စသဖြင့်ပေါ့။ ရေကူးမယ်ဆိုရင်တော့ တကိုယ်လုံးဆိုပါတော့ ခပ်ထူထူ လေးလိမ်းပေးပါ။ နှမြောလို့ ခပ်ပါးပါးလိမ်းရင် သိပ်အရာမထင်ပါဘူး။ တစ်ခါလိမ်းရုံနဲ့ တစ်နေ့တာ မလုံလောက်ပါဘူး။ သုံးနာရီခြားတစ်ကြိမ် ထပ်လိမ်းပေးပါ။

အခြားနည်းတွေလည်းသုံးပါ

ဘယ်နေရောင်ခံ ကာကွယ်ဆေးမှ နေရောင်ခြည်ကို အပြည့်အဝ ကာကွယ် မပေးနိုင်ပါဘူး။ ဒီတော့ တတ်နိုင်သလောက် နေရောင်ခြည်ကို ရှောင်ပါ။ ဖြစ်နိုင်ရင် မနက် (၁၀) နာရီနဲ့ ညနေ(၃) နာရီအကြား အပြင်မထွက်ရင် အကောင်းဆုံးပါပဲ။ ဒါပေမယ့် မလွဲသာမရှောင်သာ သွားကြ၊ လာကြ၊ နေပူထဲနေကြရရင်လည်း ဦးထုပ်ဖားဖားကြီးတွေ ဒါမှမဟုတ် ခမောက်၊ ဒါမှမဟုတ် ထီးဆောင်း၊ နေကာမျက်မှန်တပ်ပေါ့။ အကျင်္ ီကိုလည်း အရောင်ဖျော့ဖျော့ ရှည်ရှည်ကို လုံလုံခြုံခြံု ဝတ်စေချင်ပါတယ်။ ဆိုင်ကယ်စီး ကားမောင်းရင်လည်း နေရောင်ကာပေးတဲ့ အဝတ်လက်အိတ်ရှည်ရှည် ဝတ်ပေးပါ။

မြန်မာ့ရိုးရာ သနပ်ခါးကိုလည်း လက် မလွတ်ပါနဲ့။ ထူထူပိန်းပိန်းလိမ်းရင် နေရောင်ကို အသင့်အတင့် ကာကွယ်ပေးနိုင်ပါတယ်။ SPF ဘယ်လောက်ရှိတယ် ဆိုတာတော့ မသိပါဘူး။ လေ့လာမှုတွေအရ အဝတ်အစားကို လုံလုံခြံုခြံုဝတ်ရင် SPF 6 အဆင့်ရှိတယ်တဲ့။ ဦးထုပ်ဆောင်းရင် SPF 5 ရှိတယ်တဲ့။ ဒါ့ကြောင့် နေရောင်ခံနိုင်အောင် နေရောင်ခံ လိမ်းဆေးခရင်မ်တွေ လက်လှမ်းမီသည်ဖြစ်စေ၊ မမီသည်ဖြစ်စေ ကိုယ့်နည်းကိုယ်ဟန်နဲ့တော့ နေရောင်ကို အံတုကြပါလို့ တိုက်တွန်းလိုပါတယ်။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit :

ဒေါက်တာကျော်ကျော်

(အရေပြားအထူးကု ဆရာဝန်ကြီး)

The Myanmar Healthcare Directory 2015 မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18